Buddha

Photobucket

song

သန်းထွန်းလေး - မမေ့သောအညာ

Powered by psmp3.com

ee



ဆွမ်း တော် ဗျို့... ဆွမ်း တော်..ဗျို့.. . ဟ..ဟ.. ဆွမ်းတော်ဗျို့ တဲ့ဟေ့။ ဆရာတော်တွေ ဆွမ်းခံကြွလာပြီ။ ထကြတော့ဟေ့။ ခရီးပန်းလာလို့ဖြစ်မယ် အိပ်လိုက်ကြတာ တုန်းလုံးပက်လက်။ ဟာ..ဟိုတူမလေး (နှင်းဟေမာ) ကို ညက အညာစောင်လေး မပေးမိဘူးနဲ့ တူတယ်။ ဒူးပေါ်..ဒူးပေါ် နဲ့။ . ဦးလေးဖြစ်သူက လာနှိုးနေပြီ။ ကိုမျိုးတို့အိမ်မှာ မနက်စာ ရေနွေးကြမ်းလေးနဲ့ အညာ ပဲလှော်လေး ရယ်၊မတ်ပဲကြော်၊ သရက်သီးကုလားတည် နဲ့ ထမင်းဆီဆမ်း ပူပူလေး စားရအောင် ထကြဗျို့။ မှတ်မိကြတယ်မို့လား ကျနော့ဦးလေး (မုန့်ဟင်းခါးကို ကုန်းဘောင်ကြီးကြော်နဲ့စားမယ်) လာပြီး နှိုးနေပြီ။ . ထကြ၊ မျက်နှာသစ်ကြ။ ရော့ အိမ်သုံးဆား။ သွားတိုက်ဆေးနဲ့ သွားတိုက်တံ မပါရင် ဆားနဲ့ သွားတိုက်ကြ။ ဟို..အညာသားစစ်စစ်တွေပါရင် ပြောနော်... အိုးမဲခဲ နဲ့ သွားတိုက်ချင်ရင် မီးဖိုချောင်ကနေ ယူပေးမယ်။ . လုပ်ပြီ ဦးလေးကတော့။ ဘာပြောပြော ဟာသလေးတော့ နှောလိုက်ရမှ။ . ရေချိုးချင်တဲ့ ညီငယ် (ရေတမာ) လဲ ချိုးကြ။ အရင်ခေတ်ကသာ ရေရှားတာ။ အခုတော့ ရေဆိုတာ ပေါမှပေါ။ ချိုးကြ။ ဟို..ကရေကရာ စားချင်တဲ့ တူမလေး (ဒဏ္ဍာရီ) ကို နေ့လည်ကြရင် ကျွေးမယ်နော်။ အခု လုပ်နေတုန်းမို့နော်။ အညာဟင်း စားချင်တဲ့ တူမလေး (မိုးမိုး) ရော တခါတည်း စားလို့ရအောင် အစောကြီးထချက်ထားတာ။ ဟေ့..ငါ့တူတော်မောင် သော်ဇင် ပြောတဲ့ တူမလေးရော စင်ကာပူမှာ တွေ့ကြသေးလား။ . ဂျီးတော်ကြီး ဒေါ်ခင်မျိုးကြင် ရဲ့ တူလေး (ရွှေရတု မှတ်တမ်း) ရော အိပ်ရတာ အဆင်ပြေလား .. (မြင်းမူမှာ ကြင်သုံးကြင် ရှိပါတယ်။ အဲဒီ ဒေါ်ခင်မျိုးကြင်က တစ်ကြင်ပေါ့။ စာမေးပွဲမှာ အခန်းစောင့်ကျလို့ကတော့ ရှောင်ကြဉ် ပေတော့)။ ထန်းရည်သောက်ချင်တဲ့ မောင်မိုး ရေ.. နေ့လည်ရောက်မှ အညာတမာတန်းမှာ ဆွဲကြတာပေါ့။ ကိုရင်နော် ကြီးလဲ မတွေ့ပါလား။ အပြန်ကြရင် ဂျူနို ကိုလည်း စစ်ကိုင်းက ဇေယျာတည်းခိုခန်းကို ၀င်ပို့လိုက်ကြနော်။ ကောင်းမွန်ဝင်း တို့ မိသားစုကိုလည်း ကံတလူဘုရား ရယ်၊ ရွာသစ်ကြီးရယ် ကို ပို့လိုက်ကြအုံး။ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ဘို့ နှင်းဆီပန်းမရှိပေမယ့် ကွမ်းခြံဘေးက စံပယ်ပန်းတွေ ခူးပေးလိုက်ကြ။ ကောင်းကင်ပြာ ကိုပါ တခါတည်းခေါ်သွား။ ကြိုက်သလောက် ခူးသွားလို့။ . ဦးလေးရယ် ဖြည်းဖြည်းမှာပါ။ မောနေပါအုံးမယ်။ အခု စားသောက်ပြီးရင် မြင်းမူ နဲ့ မုံရွာကို လိုက်ပို့မှာ။ ဦးလေးရော လိုက်မှာမို့လား။ . မေးရက်တယ်ကွယ်.. ငါ့တူတွေ၊ တူမတွေနဲ့.. ဦးလေးက နေရစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ စိတ်မချပေါင်ဗျာ။ အားလုံးစားသောက်ပြီးရင် ထွက်ကြမယ်ဟေ့။ ဦးလေး ရဲ့ ထွန်ဂျဲဒိုး (လယ်ထွန်စက်ကို နောက်တွဲချိပ်ထားသည့်ယဉ်) နဲ့ သွားကြတာပေါ့။ မြန်မြန်မောင်းလို့ မရတော့ နေရာစုံ အ၀ ကြည့်ရတာပေါ့။ . ဒါက ဆပ်ပြာကျင်း ရွာ၊ ကန်တော်ရွာ၊ ထီးဆောာင်းရွာ။ ဟော.. မကြာခင် မြင်းမူ ၀င်ပြီ။ ..................... မြင်းမူမြို့ကို ၀င်လိုက်တာနဲ့ မြင်းမူမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရတော့တာပါပဲ။ မြင်းမူမှာ ဘာတွေ ထူးထူးခြားခြား လည်ပတ်စရာတွေ ရှိလဲ ကိုမျိုးရယ်လို့ မမေးနဲ့နော်။ လည်ပတ်စရာတွေကလဲ အများသား။ ဧရာဝတီမြစ်ကမ်းမှာ ရှိတဲ့ မြို့မို့လို့ ဧရာဝတီရဲ့ အလှကို အပြည့်အ၀ခံစားရရှိတဲ့ မြို့ပါ။ မြင်းမူ ဈေးနားကနေ တောင်ဘက်နား နဲနဲလေး သွားလိုက်တာနဲ့ ဧရာဝတီမြစ်ကမ်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ . မြင်းမူ ၀ါစက်ကြီးနားက သေဠမုနိ ရွှေဂူကြီး ဘုရားဆိုရင် ပုဂံခေတ်လက်ရာ ဖြစ်သည့်အပြင်၊ အလွန်တန်ခိုးကြီးပါတယ်။ ပုဂံခေတ်နောက်ပိုင်းလောက်မှာ တည်ခဲ့သည်ဟု ယူဆရသည့် သျှင်ပင် ရွှေပေါင်လောင် ဘုရားကြီး ဆိုရင်လဲ အရမ်းကို အေးချမ်းပြီး ထူးကဲတဲ့ ဘုရားရိပ်ပါပဲ။ မြင်းမူကမ်းနားပိုင်းက လျှင်ပင်ရွှေစောလူး ဘုရားကတော့ အသွင်တမျိုးနဲ့ မြန်မာ့ဗိသုကာလက်ရာကို အပြည့်အ၀ ခံစားပြီး ဦးခိုက်ကြရမယ့် ဘုရားတစ်ဆူပါပဲ။ မြင်းမူမြို့ဟာ အနီးအနားရှိ ရွာအသီးသီးမှ သီးနှံတွေ မန္တလေး၊ မုံရွာ၊ စသည့်မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်မမြို့ကြီး တစ်ခုဖြစ်ပါတယ်။ . မြင်းမူဘုရားပွဲတော်သည် နယ်သူနယ်သားများဖြင့် အထူးပင် စည်ကားသည့် ဘုရားပွဲဖြစ်ပါသည်။ တောင်ပြုံးပွဲတော် ကာလနှင့် အတူဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းမှာ ခဏနားပြီးရင် မုံရွာဘက်ကို ခရီးဆက်ကြတာပေါ့။ . မြင်းမူမြို့ကနေ အနောက်ဘက် ထွက်လိုက်တာနဲ့ ၀မ်းပြည့်ရွာ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပန်းရန်အတတ်ပညာ၊ လက်သမားပညာ တတ်သူတွေ များတဲ့ ရွာတစ်ခုပါ။ ထူးထူးခြားခြား မှတ်သားမိတာကတော့ ဇတ်မင်းသားကြီး ဦးဖိုးစိန် အတွက် ဇတ်သီချင်းတွေ၊ ဇတ်ထုတ်တွေ၊ ပြဇတ်တွေ များစွာ ရေးပေးခဲ့တဲ့ စာရေးဆရာကြီး ဆရာဖိုး သည် ဟောဒီ ၀မ်းပြည့်ရွာသား အစစ်ဖြစ်တယ်ဆိုတာပါပဲ။ . ၀မ်းပြည့်ရွာကနေ ဆက်သွားရင် အလ္လကပ္ပရွာကြီး။ မြို့အဖြစ်တောင် သတ်မှတ်ထားပြီနဲ့ တူပါတယ်။ မရောက်တာလဲ အတော်ကြာပေါ့။ အဲဒီ ရွာကြီးမှာ ရှိတဲ့ ရွှေဂူကြီးဘုရား ဆိုလျှင် ထူးခြားသည့် ပန်းရန်လက်ရာ၊ ပန်းတော့လက်ရာမွန်တွေ အဆန်းအပြား တွေ့မြင်ဖူးရမှာပါ။ မြန်မာဆေးရွက်ကြီးတွေလဲ ပေါများစွာ ထွက်ရှိသည့် အပြင်၊ ၀ါဂွမ်းလဲ စိုက်ပျိုးကြပါတယ်။ ကားလမ်းတလျောက် မြင်တွေ့နိုင်ပါတယ်။ အလ္လကပ္ပရွာကြီး ရဲ့ မြောက်ဘက်နားမှာ ဗဒ္ဒတ္ထိုင်းရွာကြီး ရှိပါတယ်။ ဦးလေးကလဲ ထွန်ဂျဲဒိုး မောင်းရင်းဆိုတော့ အရွှန်းဖောက်ပါတယ်။ ဒီ အာလကပ်ပ ရွာပေါ့ကွ။ ဒို့ ရွာက ကျောင်းဆရာပေါ့။ အလှူဖိတ်စာမှာ စာလုံးဆင့်တွေ မရေးတတ်တာ.. အဲဒါနဲ့..အာလကပ်ပ ဘယ်လိုရေးရမှန်း မသိဘူးဗျ.. အဲဒါဆိုရင်လဲ အဲဒီရွာကို နောက်မှ ဖိတ်ကွာ... ဘဒတ်ထိုင်းရွာ ကို အရင်ဖိတ် ဆိုတော့..ဘဒတ်ထိုင်းလဲ စာလုံးဆင့်မှန်အောင် မရေးတတ်ဘူးတဲ့ကွယ်... ဖြစ်ရလေ ကျောင်းဆရာ ရယ်..ဆိုတော့..ကျနော်က မြန်မာစာဆရာ မဟုတ်ဘူးဗျ လို့ ပြန်ပြောတယ်။ . ပြီးတော့ ဒီနားက ရွာတွေက စသတ် နဲ့ ကသတ် ကို ကွဲအောင် မပြောကြဘူး။ သူတို့ ဓလေ့ပေါ့။ စသတ် နဲ့ ပြောရမယ့်စကားလုံးတွေကို ကသတ် နဲ့ ပြောတယ်။ ဥပမာ ကွာ..ကျောင်းမှန်မှန်တက်၊ စာမခက်။ ဒီရွာကလူတွေက ကျောင်းမှန်မှန်တစ်၊ စာမခစ်။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ကို ဂက္ဆာမိ လို့ ရွတ်တယ်။ သရက်သီး ကို သရစ်သီး။ ငါတို့ရွာ ကွက်ကွင်း ကိုတောင် ကွစ်ကွင်း လို့ ခေါ်တာ။ အထူးခြားဆုံးကတော့ ဒီရွာကလူတွေ ရည်းစားစကားပြောရင် မပီကြဘူး။ နင့်ကို ငါချစ်တယ် လို့ ပြောရင်တောင်မှ.. နင့်ကို ငါချက်တယ်.. လို့ ပြောကြတာ။ အော်..တစ်ရွာတစ်ပုဒ်ဆန်းပေါ့လေ။ . စကားပြောရင်းနဲ့ မောင်းလာလိုက်တာ အလ္လကပရွာကို ကျော်လွန်လာပြီ ဆိုရင်တော့ ဘိုးမင်းကြီးကင်းရွာ (ဘာဖြစ်လို့ ဘိုးမင်းကြီးကင်းရွာ) လို့ ခေါ်ဆိုသည် အမှတ်အသား မကြားဘူးပါ။ ပြီးရင်.. ဂွေးပင်တောရွာ (ဒီရွာနာမည်လဲ ဘာဖြစ်လို့ ဂွေးပင်တော လို့ ခေါ်ကြသည်မသိ.. လေ့လာနေဆဲပါ)။ ပြီးရင်တော့ နတ်ရေကန်ရွာ (ရွာဦးမှာ ကြာပန်းတွေ အပြည့်နှင့် ရေကန်ကြီးရှိပါတယ်) အဲဒါကြောင့် နတ်ရေကန်လို့ ခေါ်တာဖြစ်မယ်ထင်ပါတယ်။ မီးရထားသံလမ်းကို ဖြတ်မိရင်တော့ အကြောင်းထူးတဲ့ ချောင်းဦးမြို့ ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ . မုံရွေး ကြေးမုံ ချောင်းဦး နယ်တစ်လွှားဆီက အလုံကျေး အကုန်မှာ ပြောင်းဖူးသည်တွေကလည်း များလိုက်ပါသဘိနှင့်။ လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့ခဲ့တဲ့ ချောင်းဦးမြို့ဟာဖြင့် ထင်ရှားတဲ့ မြို့တစ်မြို့ပါဘဲ။ . တိုင်းပြည် လွတ်လပ်ရေးရအောင် အစာငတ်ခံ ဆန္ဒပြပြီး အသက်စွန့်သွားခဲ့တဲ့ ဆရာတော် ဦးဝိစာရ ဟာ ချောင်းဦးမြို့နယ် အနိမ့်ရွာသား ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးဝင် သခင်လေးမောင် က ချောင်းဦးမြို့နယ် အမြင့်ရွာသား။ သတင်းစာဆရာကြီး ဦးညိုမြ ဟာလည်း အဲဒီ အမြင့်သား။ မြန်မာဘုရင်လက်ထက်တုန်းက မြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မင်းလက်ဝါးကြီး သည်လည်း အမြင့်မှာ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ နေသွားခဲ့သူပါ။ နာမည်ကြီးတွေ တယ်များသကိုး။ . ချောင်ဦးမြို့ကို လွန်ရင်တော့ ခင်မွန်ရွာ။ ဦးလေးရဲ့ ထွန်ဂျဲဒိုးကြီးလဲ မောနေရောပေါ့။ ခဏနားအုံးမှ။ အပေါ့အပါးလေး သွားလိုက်ကြအုံးနော်။ မုံရွာရောက်ဘို့ တော်တော်လိုသေးတယ်။ ကားကလဲ ထွန်စက်ကားဆိုတော့ တယ်နှေးသကိုး။

0 comments:

Post a Comment