Buddha

Photobucket

song

သန်းထွန်းလေး - မမေ့သောအညာ

Powered by psmp3.com

ee

မှိုင်းရီလို့မှောင်
တောတောင်ညာတသိမ်က
သာဂိမှေ နွေရတုငယ်မို့
ကြွေလုဟန်စော
(မြင်ကွန်းမင်းသားကြီး)
.
ကျွန်တော်တို့ အိမ်ရှေ့က မန်ကျည်းပင်ကြီးလည်း အကျီင်္အဟောင်းကို လဲပြီ။ ရွက်နုထိုးစပြုနေသော အရွက်စိမ်းနုလေးများလည်း ခြုံနေကြပြီ။
.
"ဟေ့မိသန်းရေ.. ငါဖို့ရော မန်ကျည်းရွက်နု တလက်စာလောက် ပိုပြီး ခူးလိုက်စမ်းပါအေ..
"အင်းပါတော်..ခူးလိုက်ပါ့မယ်.. ဆွမ်းခံကိုယ်တော်တွေ ကြွလာတော့မှာမို့ မြန်မြန်ခူးနေတာတော့..
"အေးပါအေ.. လိမ့်ကျနေပါအုံးမယ်
"ရပါတယ်တော်.. ဒီအပင်က ကျုပ်တက်ခူးနေကြပါတော်..
"အေးအေး.. အဲဒါဆိုလဲ ပြီရော..
အန်တီသန်းတို့ မန်ကျည်းရွက်ခူးနေစဉ်
ကိုမျိုးရဲ့ ညီမ၀မ်းကွဲလဲ မန်ကျည်းပင်ပေါ်မှာ (ဒီနေ့တော့ မန်ကျည်းရွက်သုတ် နဲ့ မန်ကျည်းရွက်ချဉ်ရည်)
.
ဒီစကားသံတွေကြားတော့မှ အိပ်ယာကလန့်နိုးပြီး သံဃာတော်တွေတောင် ဆွမ်းခံကြွချိန်ရောက်နေပြီ ဆိုတာ သတိထားမိတော့တယ်။ သံဃာတော်များအား ဆွမ်းလောင်းမည်ဟု မနေ့ညကတည်းက ပြောထားတာ သတိရမိ။ အိမ်ယာကမြန်မြန်ထပြီး ပြင်ထားတဲ့ ဆွမ်းဟင်းတွေကို ထိုင်ကိုယ်တော်လေးများအား လောင်းလှူ။

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်

သံဃာတော်များ ဆွမ်းခံကြွမလာမီ သန့်ရှင်းထားကြစဉ်
ကြည်ညိုဖွယ်ရာ ဆွမ်းလောင်းလှူနေကြစဉ်
နေ့စဉ် နေ့တိုင်း ဒီအတိုင်း ဆွမ်းလောင်းလှူကြတယ်
သံဃာတော်များအား ဆွမ်းလောင်းလှူနေကြစဉ်

အမေက မှာလိုက်တယ်။ ငါ့သား စင်ကာပူပြန်ရောက်ရင်လဲ နေ့တိုင်း၊ မနက်တိုင်း ဆွမ်းလောင်းနော်တဲ့။ အိမ်ယာထ မပျင်းနဲ့တဲ့။ အမေရယ်.. ကျွန်တော်ရောက်နေတဲ့ စင်ကာပူက အခုလို ဆွမ်းလောင်းဖို့ သံဃာတော်တွေ အိမ်ပေါက်ဝထိ ကြွမလာဘူးဗျ။ ဖြစ်ရလေ ငါ့သားရယ်။ လူဖြစ်ရှုံးလိုက်လေတဲ့။ သံဃာတော်တွေကို မနက်တိုင်း ဆွမ်းမလောင်းရတာလောက် ဘ၀မှာ လူဖြစ်ရှုံးရတာ မရှိဘူးတဲ့။ ဘယ်လိုအရပ်ဒေသကိုများ ငါ့သားရောက်နေတာလဲတော်။ အဲဒီအရပ်ဒေသ ဘယ်လောက် ပိုက်ဆံရရ သွားမနေပါနဲ့တော့ ငါ့သားရယ်တဲ့။ အမေ့အိမ်မှာ နေလဲ ထမင်းမငတ်ပါဘူးတော် တဲ့။
အမေရယ်..ကျနော်လဲ ဒီအရပ် ဒီဒေသကို ပျော်လို့ နေတာမှ မဟုတ်တာ။ မနက်အိပ်ယာထတိုင်း အလုပ်.. အလုပ် လို့ပဲ နှလုံးသွင်းပြီး တနေကုန် အလုပ် လုပ်နေရတဲ့ ဘ၀မို့ တရက်ကလေးမှ မပျော်မိတာ အမှန်ပါ အမေရယ်။ ဒါပေမယ့် အမေရယ်.. မနက်အိပ်ယာထတိုင်း ဘုရားဝတ်ပြုတယ်။ သောက်တော်ရေ ကပ်တယ်။ ဘုရားပန်းအိုး ရေလဲတယ်။ သတ္တ၀ါတွေအားလုံး ကျန်းမာချမ်းသာကြပါစေလို့ နေ့စဉ်မေတ္တာပို့သနေပါတယ် အမေရယ်။ အမေ ကျေနပ်ပေးပါနော်။
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)


  • လက်ရှိကမ္ဘာ့အမြင့်ဆုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး


လက်ရှိကမ္ဘာ့အမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံးမှာ မြန်မာနိုင်ငံ ၊ မုံရွာမြို့ ၊ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၃၀ မီတာ ရှိပြီး ဂျပန်မှ Ushiku Amida Buddha ရုပ်ပွားတော်ကြီးထက် ၁၀ မီတာ ပိုမြင့်သည်။

ကမ္ဘ.ာအမြင့်ဆုံး ရုပ်တုများထဲမှ ဒုတိယအမြင့်ဆုံးမှာ
ဂျပန်နိုင်ငံရှိ Ushiku Amida Buddha ရုပ်ပွားတော်ကြီး ဖြစ်သည်။
အမြင့် ၁၂၀ မီတာ ရှိပြီး ၁၉၉၅ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။

တတိယ အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ Yellow Chinese Emperors Huangdi
and Yandi ဖြစ်သည်။
အမြင့် ၁၀၃ မီတာခန့်ရှိသည်။

စတုတ္ထ အမြင့်ဆုံးမှာ ယူကရိန်း နိုင်ငံ Kyivi ရှိ ၊ံHomeland -Mother
ရုပ်တုကြီး ဖြစ်သည်။
အမြင့် ၁၀၂ မီတာခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ် ၏ အမှတ်သညာလည်း ဖြစ်သည်။

ပဉ္စမအမြင့်ဆုံးမှာ ရပ်ရှား နိုင်ငံ၊ မော်စကို မြို့ရှိ Peter I ရုပ်တု
ဖြစ်သည်။
အမြင့် ၉၆ မီတာခန့်ရှိသည်။

ဆဌမ အမြင့်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ဆိပ်ကမ်းရှိ Statue
of Liberty ဖြစ်သည်။
အမြင့် ၉၃ မီတာ ခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကို
ကိုစားပြုသည်။
ပြင်သစ်နိုင်ငံမှ အမေရိကန်၏ လွတ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့
ခြင်းဖြစ်သည်။

သတ္တမ အမြင့်ဆုံးမှာ ရပ်ရှားနိုင်ငံ ၊Volgograd ရှိ Homeland mother ရုပ်တု
ဖြစ်သည်။
အမြင့် ၈၂ မီတာ ခန့်ရှိသည်။

အဌမ အမြင့်ဆုံးမှာ တရုတ်နိုင်ငံ၊ Lanshan ရှိ Buddha ရုပ်ပွားတော်
ဖြစ်သည်။
အမြင့် ၇၁ မီတာခန့်ရှိသည်။

န၀မ အမြင့်ဆုံးမှာ ဘရာဇီးနိုင်ငံ၊ Rio de Janerio ရှိ Christ the
Redeemer (Christo Redentor) ရုပ်တုဖြစ်သည်။ အမြင့် ၃၁ မီတာခန့်ရှိပြီး
၁၉၃၁ ခုနစ်တွင် ဖန်တီးသည်။ တန် ၁၀၀၀ ခန့် အလေးချိန်ရှိသည်။
အမျိုးသားဥယျာဉ် ၊ Tijuca တောင်တန်း၊ အမြင့် ၇၁၀ မီတာရှိ Corcovado
တောင်ထိပ်တွင်တည်ရှိသည်။
မွေးဌာနီ အညာအရပ်ဆီသို့
ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ
မှန်းဆကာရည် တမ်းတပါသည်
ဒီလိုပြောခဲ့သည်။
ကျွန်တော်ရောက်လေရာ နေရာတိုင်းက တမ်းတသည်
အောက်မေ့မိသည် သြော်အောက်မေ့မိသည်
ကျွန်တော့်မွေးဌာနီ။

မုံရွာအနီးက ဟို...ကျောက္ကာတောင်ရွာဆီ..မွေးဌာနီ နေရာဟောင်းကို ညီလေးအောက်မေ့သည်..
ဘူးခါးချောင်း ရေကြည်ကြည်..နေရီရီညနေချမ်းမှာ..ကျောက္ကာသူများ ရေချိုးလာသည်..
သောက်ရေအတွက် လက်ယက်တွင်းကလေးတွေ..ယပ်ကာ ခပ်ရသည်...ညီလေးတို့ဌာနီ
ကျောက္ကာတောင်ရွာ တစ်မျိုးတော့ သာယာသည်။

အဆိုတော် သန်းထွန်းလေးကျွန်တော့် မွေးဌာနီ သီချင်း မှ စာသားများ ဖြစ်ပါသည်။ အောက်မှာ သီချင်းလေးကို အမှတ်တရအဖြစ် တင်ပေးထားပါတယ်။ ကြည့်ရှု့တော်မူကြပါကုန်။ အဲဒီမှာ အဆိုတော် ဦးသန်းထွန်းလေး (ပိုးအိစံ ၏ ဖခင်)ရဲ့ ပုံရယ်၊ ကျောက္ကာရွာရယ်၊ ထန်းဇလုပ်ချောင်းရယ်၊ ယွန်းထည်လုပ်ငန်းလေးတွေရယ်၊ အစုံပါဘဲ။ ကြည့်လိုက်ကြပါအုံး။

"ဦးလေး သီချင်းတွေ ဆိုလို့ပါလား။ မုံရွာ ဘက်ကို အရင်သွားမယ်လေ။ ပြီးမှ ကျောက္ကာရွာဘက်ကို ၀င်မယ်။
"ဒီ ဗောဓိတစ်ထောင်ဘက်ကနေ ကျောက္ကာဘက်ကို အညာလမ်းလေးရှိတယ်။ အဲဒီကနေ ကျောက္ကာဘက်ကို အရင်သွားမယ်။ ပြီးမှ မုံရွာ။
" အေးကွာ...ကျောက္ကာဆိုတာနဲ့ စိတ်က ပြန်ငယ်သွားတာ။ ပြီးတော့ အဆိုတော် သန်းထွန်းလေး ကို သတိရလို့။
"အော်.. ဒီသီချင်းက ဦးသန်းထွန်းလေး ဆိုခဲ့တာလား။
"ဟုတ်ပကွာ.. အခုတော့ သူ့သမီး ပိုးအိစံ လဲ ပြန်ဆိုထားတယ်။
"ကျောက္ကာမှာ ဇတ်လမ်းတွေ ရှိခဲ့လို့လား ဦးလေး
"ရှိခဲ့တာပေါ့ကွာ။ အထွေအထူးတော့ မဟုတ်ပါဘူးကွာ။ ဦးလေးရဲ့အမ.. ကိုမျိုးရဲ့အမေ.. အပျိုတုန်းက.. ဦးလေးက ခပ်ငယ်ငယ်.. သူတို့က အပျိုရွယ်တွေပေါ့။ ဒီကျောက္ကာ ရွှေဂူနီဘုရားပွဲမှာ ဘုရားဖူး လာကြတုန်းက ဖြစ်ခဲ့တာ။
"လုပ်ပါအုံး ဦးလေး။ ကျနော် မမွေးခင်တုန်းက အဖြစ်ဆိုတော့ စိတ်ဝင်စားတယ်။
"ဒီလိုကွာ.. ဦးလေးရဲ့ အမတို့ အဖွဲ့ အပျိုရွယ်တွေကို.. ဘုရားဖူး လူပျိုတွေက နောက်ကြ..ပြောင်ကြ.. လူငယ်သဘာဝ ပိုးကြ ပန်းကြလုပ်တော့.. အမက.. ဦးလေးကို ပြောတယ်..
"ဘာပြောလဲ ဦးလေး..
"ဒီကောင်တွေ အမတို့နောက်က လိုက်လာပြီး ပိုးနေတယ်။ ငါ့မောင်.. ဒီကောင်တွေကို မောင်းထုတ်လိုက် ဆိုလို့..ဦးလေးက..ကလေးပီပီ ဆဲပြီး မောင်းထုတ်လိုက်တာ။ ကိုမျိုး အမေက ငါ့ကို ဂေါင်းခေါက်ပြီး ဆွဲစိတ်တယ်ဗျာ။ တော်တော်နာတယ်
"ဦးလေးက ဘယ်လိုဆဲပြီး မောင်းထုတ်လိုက်တာလဲ။
"ဦးလေးကလဲ ကလေးဆိုတော့.. ဆဲပြီး အော်ပြောလိုက်တာ။
"ဘယ်လို ဆဲပြီး အော်လိုက်လို့လဲ ဦးလေး။
"ဟေ့..ငါ့ အမတွေကို လိုက်ပြီးပိုးတဲ့ကောင်တွေ..ငါ့ယောက်ဖတွေ" ဆိုပြီး ဆဲလိုက်တာ။ အဲဒီတုန်းကတော့ ဘယ်သိမလဲ.. ငယ်သေးတာကိုး။
လုပ်ပြီ ဦးလေးကတော့။
..
ကျောက္ကာရွာသည် မုံရွာမြို့အရှေ့ဘက် ၁၀မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရွာဦးတွင် တန်ခိုးကြီး ရွှေဂူနီဘုရားကြီး တည်ရှိပါသည်။ ရွှေဂူနီဘုရားသည် ရှေးခေတ်ကတည်းက တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါသည်။ ရွှေဂူနီဘုရားသည် ဓမ္မသောက မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားနှင့်ကျောင်းကန်များမှ တစ်ခုအပါအ၀င် ဖြစ်ပါသည်။ အဲဒီအချိန်ကာလတုန်းက မြို့ဦးအသောက ဘုရားရယ်လို့ တွင်ခဲ့ပါသည်။ နောက်ပိုင်း ရှင်ဘုရင်မင်း အဆက်ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့ရာ ဘုရင်မင်းခေါင်ကြီး လက်ထက်မှာ ဘုရားအဟောင်းကို ပြန်လည်ပြုပြင်ခဲ့ပါသည်။ အဲဒီကာလမှာ ကျောက္ကာရွှေဂူ ဘုရားရယ်လို့ သမုတ်ခဲ့ပါသည်။ အဲဒီနောက် ဘိုးတော်ဖန်နန်းရှင်မင်း လက်ထက်တွင် ကျောက္ကဆရာတော် အရှင်ဥာဏ မှ ပြုပြင်ထိန်းသိမ်းပြီး တည်ထားကိုးကွယ် ခဲ့ရာ ယခုအချိန်အထိ ရှေးမူမပျက် တည်ရှိပါသည်။ (အမှတ်မှားရင် ပြင်ဆင်ပေးကြပါကုန်)။
အခုတော့ ဘုရားဖူးများမှ လှူဒါန်းထားသည့် ဘုရားကျောင်းဆောင်များနှင့် ဇရပ်များ၊ အ၀င်မုဒ်ဦးများဖြင့် အလွန်တရာမှ ကြည်ညိုဖွယ်ရာ စေတီတစ်ဆူဖြစ်ပါသည်။ ဘုရားအတွင်းရှိ ရုပ်ပွားတော်များမှာလည်း အလှူရှင်များ၏ စေတနာသဒ္ဓါတရားဖြင့် ရွှေသင်္ကန်းများ ကပ်လှူထားသည်မှာ ဘုရားဆင်းတုတော်ပင် ရွှေတုန်းကြီးပမာ ဖြစ်နေပါတော့သည်။
ဘုရားပွဲအားလည်း နှစ်စဉ်နှစ်တိုင်း မေလ ၁၂ ရက် မှ ၂၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ မုံရွာနယ်မှ ဘုရားဖူးများအပြင်၊ အရာတော်နယ်၊ မြင်းမူနယ် မှ ဘုရားဖူးများ၊ နိုင်ငံခြား ဧည့်သည်များဖြင့် အထူးစည်ကားသည့် ဘုရားပွဲတော် တစ်ခုဖြစ်ပါသည်။ မြန်မာ့ရိုးရာ လက်မှုပညာများ ပေါများစွာ ထွက်ရှိရာဒေသဖြစ်သည့်အပြင်၊ ကျောက္ကာတောင် နှင့် ထန်းဇလုပ်ချောင်းတို့မှာလည်း အထူးစည်ကားရာ၊ လည်ပတ်စရာ ဒေသတစ်ခုဖြစ်ပါသည်။ ကျောက္ကာမှ ထင်ရှားသည့် အနုပညာလက်ရာမှာတော့ ကျောက္ကာယွန်းအစ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါသည်။ ၀ယ်ဖြစ်အောင် ၀ယ်လိုက်ကြပါအုံးနော်။
ကျောက္ကာရွာ အရှေ့ဘက်မှ ထန်းဇလုပ်ချောင်း သည်လည်း ဘုရားဖူးများ နားခိုရာ၊ ရေချိုးရာ၊ ရေကစားရာ နေရာတစ်ခု အဖြစ် ထင်ရှားလှပါသည်။ အညာဒေသ မိုးခေါင်ရေရှား ရပ်ဝန်းမှာ အမြဲစိမ်းလန်းစွာဖြင့် စိမ့်စမ်းရေများ ထွက်ရှိရာ အေးမြသည့် ထန်းဇလုပ်ချောင်းကိုဖြင့် ကျောက္ကာရွာရောက်လျှင် မဖြစ်မနေသွားရမည့် အပန်းဖြေရာ နေရာတစ်ခုဖြစ်ပါသည်။
.
အခုတော့ ထန်းဇလုပ်ချောင်းကို ပိတ်ပြီး နိုင်ငံတော်အစိုးရမှ ဆယ့်နှစ်ရာသီ သီးနှံစိုက်ပျိုးရန် နှင့် သုံးရေအတွက် အဆင်ပြေအောင် ထန်းဇလုပ်ရေလှောင်တမံကြီး ကို တည်ဆောက်ပေးထားလျှက်ရှိပါသည်။ ထန်းဇလုပ် ရေလှောင်တမံ တာရိုးပေါ်မှ ဖြတ်ပြီး ထန်းဇလုပ်ချောင်းဘက်ကို သွားရသည့် လမ်းမှာလည်း (မောင်မိုးရေ..ဒီလမ်းမှာ ထန်းရည်ပေါဗျ။ လယ်ကြွက်ကင်လေးနဲ့ ၀င်ဆွဲလိုက်တော့ အ၀) အလွန်သာယာစွာ ရှိလို့ ကျောက္ကာရွာသို့ ရောက်လျှင်ဖြင့် ၀င်ဖြစ်အောင် ၀င်လိုက်ကြပါလို့။
ညနေပိုင်းမှာတော့ မုံရွာကျောက္ကာလမ်းပေါ်မှ မုံရွာစီးပွားရေးတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် တို့သို့ လည်လည်ပို့ရင်း မောင်မောင်ညီနောင် လဘက်ရည်ဆိုင် မှာ လဘက်ရည်သောက်ရင်း အဆောင်သူလေးတွေကို ငေးကြတာပေါ့။

ကျောင်းတတ်တိုင်းရောက်တဲ့ ဖိုလ်ဝင်တောင်




ဖိုလ်ဝင်တောင် ဖိုးဝန်းတောင် ဟုလည်း ခေါ်သည်။ ယင်းမာပင်မြို့နယ်တွင် သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊ စေတီများအပါအ၀င် ဘုရားစေတီ(၁၈၅)ဆူ တည်ရှိပါသည်။ ဖိုလ်ဝင်းတောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။ ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။ ဘုရား စေတီ အရေအတွက် မှာ ယခု မှတ်တမ်းတင် ထားသော အချက် အလက် များနှင့် ရှေးမှတ်တမ်း များပါ အချက် အလက်များ ကွဲပြား နေပါသည်၊ နှစ်ကာလ တိုက်စားမှု့ ကြောင့် ပျက်ဆီး ဆုံးရှုံးမှု များစွာ ရှိခဲ့ပါသည်။ ဘုရားစေတီများ အပါအ၀င် ဖိုးဝန်းတောင် သစ်တော ကြိုးဝိုင်း အတွင်း နေထိုင် ကြသော တိရစ္ဆာန် များ၏ ပျက်ဆီး ဆုံးရှုံးမှု့ သည် အများဆုံး ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာ အနှံ့ လက်ညှိုးထိုး မလွဲ တွေ့ရ သော်လည်း ယခု နောက်ပိုင်း တွင် အတော်ကလေး နည်းပါး သွားသည် ကို တွေ့ရ ပါသည်။ လူများနှင့် ယဉ်ပါးလွန်း နေပြီး ဖိုးဝန်းတောင် ဘုရား စေတီများ ကြားတွင် လှည့်လည် ကျက်စား နေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှု့သည် အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်း တွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။ ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း မျောက်များ လုံးဝ ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။ "ဖိုးဝန်းတောင်" ဟု ခေါ်ကြ သော်လည်း အမှန်တကယ်မှာ ဖိုးဝန်းတောင် ဟူ၍ မရှိပါ။ တောင်များ အားလုံးကို စုပေါင်းပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်ဝင်းတောင် တွင် ရှိနေသော တောင်များ၏ ပုံသဏ္ဌာန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး လျောင်းတော်မူ နေသည့် ပုံသဏ္ဌာန် ရှိနေ၍ ထိုအချက် ကလည်း အနည်းငယ် ထူးခြား သည်ဟု ပြောနိုင် ပါသည်။ ဘုရားပေါင်း (၄၄၆၄၄၄)ဆူ ရှိသည်ကို စွဲ၍ "ရွှေလသာ ၀ါဝါ၀င်း" ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုးဝန်းတောင်သည် အောက်ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာ တွင် တည်ရှိသည်။ ပထ၀ီဝင် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃' အရှေ၏လောင်ဂျီ တွဒ် ၉၄ံ ၅၈' တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅၀ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင်ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။ တောင်၏ ပတ်ပတ်လည်၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်ပြင်မြင့် သဏ္ဌာန် ရှိသည်။ ဖိုးဝန်းတောင်သည် ယင်းတောင်၏ အနောက် ဘက် တောင်ကမ်းပါးပြတ် တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများ ကြောင့် ကျော်ကြားခြင်း ဖြစ်သည်။ ရသေ့ရဟန်း သူတော်စင်တို၏ တရားအားထုတ်ရာ နိဗ္ဗန်ဖိုလ်ဝင်ရာ တောင်ဖြစ်သဖြင့် ဖိုလ်ဝင်တောင်ဟူ၍ လည်းကောင်း၊ ၀ိဇ္ဇာဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖိုဝင်ရာဖြစ်၍ ဖိုဝင်တောင်ဟူ၍ လည်းကောင်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်း တို့ ၀ိုင်းဝန်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်ဝန်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ "ဖိုးဝန်းတောင်" ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။ ဖိုးဝန်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓ၀မင်းသည် တိုင်းခန်း လှည့်လည် ယင်း ဤဖိုးဝန်းတောင်တန်း တည်ရာ အရပ်ဝန်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု "မင်းစုကြီးရွာ" နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုးဝန်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓ၀မင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦးလျှင် ဘုရား တစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ - ဆုတောင်းပြည့် ဆုတောင်းရ တတိုင်းပြည့် တင်းတင်းပြည့် သက်တော်ရှည် သက်တော်ရ ဟူ၍ ဖြစ်သည်။ ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကျက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာဝ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူဖွယ် ဖြစ်သည်။ ဖိုးဝန်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄)ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော "မိဖုရားကြီး လိုဏ်ဂူ"၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော "လွမ်းစေတီ"၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အဂ္ဂတေ သရိုးကိုင်၍ တည်ထားသော "နံ့သာစေတီ" စသည်တို့ ဖြစ်သည်။ ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် "နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံး တောင်၊ ဖန်ခါး တောင်နှင့် ရွှေဘတောင်" စသည်ဖြင့် တောင်မျာစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုး တောင်တွင် ဗန္ဓ၀မင်းကြီး ၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်းဥစ္စာများကို ရန်သူမျိုး ငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ်တစ်ခု ထု ထားသည်။ ယင်းကို အစွဲပြု၍ "နွားသိုးတောင်" ဟုတွင်သည်။ ဗန္ဓ၀မင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို "ရွှေဘတောင်"ဟု ခေါ်လျက် ရှိကြသည်။ ဖိုးဝန်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော "ဖန်ခါးတောင်" သည် အမြင့်ဆုံး ဖြစ်သည်။ ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀၀ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။ ဖိုးဝန်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်းကား လှသည်။ ဖိုးဝန်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။--Mayor mt 05:39, 18 ဖေဖော်ဝါရီ​ 2009 (UTC)
ဦးလး...မုံရွာမှာ ညအိပ်မယ်လေ.. မိုးချုပ်တော့မယ်

"အေး..ကောင်းပါ့ကွယ်။ ညပိုင်းမှာ မုံရွာမြို့တွင်းလှည့်ပြီး ဘုရားဖူးကြတာပေါ့။
"ဟုတ်ကဲ့ ဦးလေး။ ပြီးရင်.. ဘယ်လိုက်ပို့အုံးမလဲ
"မုံရွာမှာ ဦးလေးရဲ့ ထွန်ဂျဲဒိုးကြီး ထားခဲ့ပြီး.. ကားတစ်စီးငှား.. ပြီးတော့ အလောင်းတော် ကဿပ သို့ လိုက်ပို့မယ်
"ဦးလေး က ရောက်ဖူးလို့လား
"အေး .. ရောက်ဖူးတယ်.. ငါ့တူတွေ..တူမတွေ လဲ ရောက်ဖူးအောင်လို့ လိုက်ပို့မှာ
"ကျေးဇူးတင်ပါတယ် ဦးလေး
"ကျေးဇူးမတင်ပါနဲ့ကွာ.. ဦးလေးကလဲ အဲဒီဘက်ကို ရောက်ဖူးချင်နေတာ ဆိုတော့ အဆင်ပြေတာပေါ့။ ပုံပြင်လေးနဲ့ ပြောရရင်.. ခုံဖိနပ်ပြတ် နဲ့ ခွေးငတ် တွေ့သလိုပေါ့..
"လုပ်ပြီး ဦးလေးကတော့.. ရေငတ်တုန်း ရေတွင်းထဲကျ လို့ လုပ်ပါ..
...
မုံရွာမှာ ကားတစ်စင်း ငှားပြီး အလောင်းတော် ကဿပ သို့ သွားကြမယ်။ ယင်းမာပင်မြို့ဘက်ကို အရင်သွားရမယ်။ ယင်းမာပင် ကထွက်လို့ သုံးမိုင်လောက် အကွာမှာ အလောင်းတော်ကဿပ သို့ဆိုတဲ့ လမ်းခွဲရှိပါတယ်။ အညာ တမာ နှင့် ထနောင်းပင်များ ပေါများသည့် လမ်းမှာ ၁၀ မိုင်လောက် မောင်းပြီးရင် ရွာသစ်ရွာကို ရောက်ပါတယ်။ ရွာသစ်လွန်လာရင် မြောက်ယမားချောင်းကို ဖြတ်ကြရပါ့မယ်။ ခြေချင်း ၀တ်သာသာ လောက် ချောင်းကလေးပေါ့။ အရိုင်းစိတ်ဝင်လာလို့ ရေကြီးလာရင်တော့ အနီးအနားက ရွာတွေ မြန်မြန်ရွှေ့ပေတော့။ ရေစီးအား အလွန်သန်တဲ့ ချောင်းပေါ့။
...
ချောင်းတစ်ဘက်ကမ်းမှာ ရင်ပေါင်တိုင်ရွာ။ ထန်းပင်တွေ အလွန်ပေါတဲ့ ရွာပေါ့။ ပြီးရင်တော့ မုံရွာ ငရုပ်သီးဈေးကွက်အတွက် ငရုပ်သီးပင်တွေ ပေါများတဲ့ ဆယ်စွယ်တောင်ရွာ၊ အလယ်ရွာ၊ မြောက်ရွာ။ ပြီးရင်တော့ ကပိုင်ရွာ။ ကပိုင်ရွာအထိ မုံရွာကနေ မိုင် ၄၀ နီးပါး ခရီးပေါက်ခဲ့ပြီ။ လွင်ပြန့်တွေ မဟုတ်တော့ဘူး။ တောင်ကမူ၊ တောင်စွယ်လေးတွေဘက်ကို ရောက်ပါပြီ။ အလောင်းတော်ကဿပ အထိ ၂၁ မိုင်နီးပါး ခရီးဆက်ရန် ကျန်ပါသေး။ တောင်ကလဲ မြင့်သထက်မြင့်လာပါပြီ။ ပွင့်ကြီးစခန်းတို့ ခုံညှင်းပင်စခန်းတို့ ကျော်လွန်ပြီးရင်တော့ နတ်ထိပ်လို့ ခေါ်တဲ့ မဟူတောင်ထိပ်ကို ရောက်ပါပြီ။ စကားအပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေ ဆင်ခြင်ကြပါ။ အလွန်နတ်ကြီးသည့် နေရာတစ်ခုဖြစ်ပါသည်။ အလွန်ရိုသေကြရပါမည်။ တိတ်တိတ်နေကြနော်။ နတ်ကိုင်လိုက်လို့ ကွိ့ခနဲ့ နေမယ်။ နတ်ကိုင်တာ အဲဒီလို အသံမြည်လားတော့ မသိဘူး။
.
တည်းခိုစရာ ဇရပ်တွေ၊ သောက်ရေတွေ လဲ လှူဒါန်းမှု ပြုထားတာ တွေ့မြင်ကြရမှာ ဖြစ်ပါသည်။ အလောင်းတော် ကဿပ အမျိုးသားဥယာဉ် ကိုလဲ တွေ့ကြရမှာ ဖြစ်ပါသည်။ အဲဒီကနေ ဆက်ထွက်လာရင် ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတွေ ကျော်လာရင်တော့ ချောင်းမကြီးချောင်းလို့ ခေါ်တဲ့ ပုထိုးလုံးချောင်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အလောင်းတော်ရှိရာ ချောင်းလက်တက်ကလေးတွေထဲက စီးလာပြီး မင်းကင်းမြို့အောက်ဘက်နားမှာ ချင်းတွင်းမြစ်ထဲကို စီးဝင်သွားတဲ့ ချောင်းဖြစ်ပါတယ်။ ဒီနားက စားသောက်ဆိုင်တန်းမှာ ကားထားခဲ့ပြီး ခြေလျင်ခရီး စရပါတော့မယ်။ တစ်မိုင်သာသာလောက် တောင်တက်ခရီးပေါ့။
.
အလောင်းတော်ကဿပ တောင်ထိပ်ကို ဆင်စီးပြီး သွားမယ်ဆိုရင်လဲ စီးကြပေါ့။ တဟောဟော..တဟဲဟဲ နဲ့ တက်မယ်ဆိုရင်လဲ တက်ကြတာပေါ့။
"ဦးလေး..
"ဟေ...
"ဘာသံလဲ မသိဘူး.. သေချာနားထောင်
"နေဦးဟ.. မောလွန်းလို့ နားထဲက လေထွက်နေတာ..ဘာသံမှ မကြားရသေးဘူး
"သေချာဖြေးဖြေး နားထောင်လိုက် ဦးလေး
"ဟေ.. ဟေ... ခေါင်းလောင်းထိုးသံ ဟ။ ကြေးစည်သံ ဟ။
အလောင်းတော် ကဿပ သို့ ရောက်ပါပြီ။
.
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ မှာတော့ အလောင်းတော်ကဿပ ရဲ့ အကြောင်းကို ဒီလို ရေးထားလေရဲ့။
အလောင်းတော်သည် တောင်သုံးလုံးဆုံရာ အကြား အနိမ့်ကွက်လပ် တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ပုံတောင် ပုံညာတောာင်၊ မြောက်ဘက်တွင် အလောင်းတော် နှင့် အကပ်ဆုံးမှာ ပုံတောင်ပုံညာအဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူး နှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ၀ိုင်းနေသော ဝေပုလ္လတောင်၊ ဝေဘာရတောင် နှင့် ၀ိဇ္ဈကုဋ်တောင် ဟု ဆိုကြသည်။
.

အလောင်းတော်ကဿပသို့ရောက်တာနဲ့အလောင်းတော်၏ အာရုံခံတိုက်ကြီးထဲမှာ ခဏ နားကြပါမည်။ အာရုံခံတိုက်ကြီး၏ အရှေ့ဘက်ပိုင်းမှာ အလောင်းတော်ကဿပအဖြစ် ရဟန္တာပုံလျောင်းတော်မူ ရုပ်ထုတော်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ လဲလျောင်းပြီး ပရိနိဗ္ဗာန်ပြုနေပုံပါ။ အလွန်ကျယ်ဝန်းသည့်ကျောင်းတော်ကြီးပါ။ တပေါင်းလပြည့်ပွဲတော်ရက် ဆိုရင်တော့ အပြင်ဘက် မြေကြီးပေါ်မှာတောင် ဘုရားဖူးပရိသတ်အတွက် နေရာမရှိ။ နဂါးဒေါ်ဦး ရဲ့ တိုက်ကျောင်း နှင့်အတူ အလှူရှင်များ၏ ဒါနကုသိုလ် များစွာကို တွေ့မြင်ကြည်နူးကြရမှာ ဖြစ်ပါတယ်။
.
"ကျယ်လိုက်တဲ့ ကျောင်းကြီးကွာ.. ဦးလေးက အညာလေသံနဲ့ ပြောပါတယ်။
"ဟုတ်ပ ဦးလေးရာ.. ကျယ်လိုက်လေ
"တို့ရွာက ကျောင်းကြီးကျယ်လှ မှတ်တယ်။ ဒီကျောင်းကြီးနဲ့ ယှဉ်လိုက်ရင် တမာသီးလောက်ပဲ ရှိတော့မယ်။
"ဘုရားဖူးတွေ ဘယ်လောက်များများ ဖိနပ်တွေ အပြင်မှာ ချွတ်ထားခဲ့ရင် မပျောက်ဘူးလို့ ပြောသံကြားဘူးတယ် ဦးလေး
"ဟေ.. ငါ့ ခုံဖိနပ်လေး ဘယ်ရောက်သွားပါလိမ့်
"ရှိမှာပါ ဦးလေးရယ်.. ပူမနေပါနဲ့
"နောက်တာပါကွာ.. ပျောက်သွားလဲ ဘာမှမဖြစ်ပါဘူး..ဒီနားမှာ ငါ့ဖိနပ်တဲ့ ကောင်းတဲ့ ဖိနပ်တွေ အများကြီးပါ
"လုပ်ပြီ ဦးလေးကတော့...
.
ခဏ နားပြီးရင်တော့ ရှင်မဟာကဿပ ကိုယ်တော်ကြီးရှိတဲ့ တောင်တော်ကြီးဘက်ကို သွားရအောင်။ ဒီတောင်တော်ကြီးအတွင်းမှာ ရှင်မဟာကဿပ ကိုယ်တော်ကြီးရဲ့ ရုပ်အလောင်းတော်ကြီးသည် အတွင်းသား ဂူထဲမှာ ရှိနေတယ်လို့ အစဉ်အလာအရ ယုံကြည်ကြပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က တတိယ သာဝက ဓုတင်္ဂရဧတဒဂ် ရဟန္တာကြီး အရှင်မြတ်ကြီး ရှင်မဟာကဿပ သည် ယခုနေရာ ဝေဘာရတောင်၊ ဝေဘူလတောင် နှင့် ၀ိဇ္ဈကုဋ်တောင် သုံးလုံးဆုံရာ မြောက်ဘက်က ဝေဘာရတောင်ရဲ့အောက်ဘက် ၃၅ တောင် ကုဗရှိတဲ့ ဂူကြီးထဲမှာ ပရိနိဗ္ဗာန်ပြုခဲ့ပြီး ရုပ်အလောင်းတော်ဟာ အခုထိ ပကတိအတိုင်း တည်ရှိပြီး အရိမေတ္တယျ ဘုရားရှင်လက်ထက်တော်ရောက်မှ တေဇောဓာတ် လောင်လိမ့်မယ်လို့ မှတ်ယူကြပါတယ်။
အဲဒီအစဉ်အလာ ယုံကြည်မှုကြောင့် ဒီအလောင်းတော် ကဿပတည်ရှိရာကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အထွက်အမြတ်ပြု ရိုသေပြီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး ဘုရားဖူးလာကြတာပါ။ ဘယ်လောက်ပင်ပန်းသည်ဖြစ်စေ အလောင်းတော်ကဿပရောက်ရင် အားလုံးဟာ မောသမျှပြေပြီး ကုသိုလ်တရားထူးကို ခံစားရရှိကြမှာ မလွဲပါ။
.
တံခါးရွက်နဲ့ တူတဲ့ ရွှေအပြည့်ချထားသည့် ဂူပေါက်ဝမှာ မဟာအကျင့်သီလနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ်ကြီးကို ရည်မှန်းပြီး ကန်တော့ခွင့် ရကြမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ဂျာနယ်တစ်ဆောင်ထဲမှာ တပို့တွဲလပြည့်နေ့ (၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့) မှာ အဲဒီ ဂူပေါက်ဝကြီး ရုတ်တရက်ပွင့်သွားတာကို ဘုရားဖူးများ ထူးဆန်းစွာ တွေ့မြင်ကြရလို့ အံ့မခန်း ကြည်ညိုဖွယ်ရာ အဖြစ် မျက်မြင်တွေ့ကြသူတွေ မနည်းလှပါဟု ဖတ်လိုက်ရပါသေးတယ်။
.
''တပို့တွဲလပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ရုတ်တရက်ပွင့် သွားခဲ့တာ။ ၁၅ မိနစ်လောက်ပဲကြာပါတယ် ဟု ဘုရားဖူးများကဆိုကြပါသည်။ ထူးဆန်းပေစွ။ အနီးအနားမှာပဲ အဇာတသတ်မင်း တည်ထား ခဲ့တာလို့အသိအမှတ်ပြုကြသည့် လွမ်းစေတီ ကိုလည်း ရှာဖွေ ဖူးတွေ့ကြပါလို့ တင်ပြရင်း နားပါရစေဗျာ။
.
ရည်ညွှန်း..
“မြန်မာ့စွယ်စုံကျမ်း CD”
“အလောင်းတော်ကဿပ သမိုင်းအကျဉ်းချုပ် - ဆရာတော် ဘဒ္ဒန္တ ဥတ္တရ”
"ဆရာ အံ့မောင် ၏ အညာဘုရားဖူး စာအုပ်


ဆွမ်း တော် ဗျို့... ဆွမ်း တော်..ဗျို့.. . ဟ..ဟ.. ဆွမ်းတော်ဗျို့ တဲ့ဟေ့။ ဆရာတော်တွေ ဆွမ်းခံကြွလာပြီ။ ထကြတော့ဟေ့။ ခရီးပန်းလာလို့ဖြစ်မယ် အိပ်လိုက်ကြတာ တုန်းလုံးပက်လက်။ ဟာ..ဟိုတူမလေး (နှင်းဟေမာ) ကို ညက အညာစောင်လေး မပေးမိဘူးနဲ့ တူတယ်။ ဒူးပေါ်..ဒူးပေါ် နဲ့။ . ဦးလေးဖြစ်သူက လာနှိုးနေပြီ။ ကိုမျိုးတို့အိမ်မှာ မနက်စာ ရေနွေးကြမ်းလေးနဲ့ အညာ ပဲလှော်လေး ရယ်၊မတ်ပဲကြော်၊ သရက်သီးကုလားတည် နဲ့ ထမင်းဆီဆမ်း ပူပူလေး စားရအောင် ထကြဗျို့။ မှတ်မိကြတယ်မို့လား ကျနော့ဦးလေး (မုန့်ဟင်းခါးကို ကုန်းဘောင်ကြီးကြော်နဲ့စားမယ်) လာပြီး နှိုးနေပြီ။ . ထကြ၊ မျက်နှာသစ်ကြ။ ရော့ အိမ်သုံးဆား။ သွားတိုက်ဆေးနဲ့ သွားတိုက်တံ မပါရင် ဆားနဲ့ သွားတိုက်ကြ။ ဟို..အညာသားစစ်စစ်တွေပါရင် ပြောနော်... အိုးမဲခဲ နဲ့ သွားတိုက်ချင်ရင် မီးဖိုချောင်ကနေ ယူပေးမယ်။ . လုပ်ပြီ ဦးလေးကတော့။ ဘာပြောပြော ဟာသလေးတော့ နှောလိုက်ရမှ။ . ရေချိုးချင်တဲ့ ညီငယ် (ရေတမာ) လဲ ချိုးကြ။ အရင်ခေတ်ကသာ ရေရှားတာ။ အခုတော့ ရေဆိုတာ ပေါမှပေါ။ ချိုးကြ။ ဟို..ကရေကရာ စားချင်တဲ့ တူမလေး (ဒဏ္ဍာရီ) ကို နေ့လည်ကြရင် ကျွေးမယ်နော်။ အခု လုပ်နေတုန်းမို့နော်။ အညာဟင်း စားချင်တဲ့ တူမလေး (မိုးမိုး) ရော တခါတည်း စားလို့ရအောင် အစောကြီးထချက်ထားတာ။ ဟေ့..ငါ့တူတော်မောင် သော်ဇင် ပြောတဲ့ တူမလေးရော စင်ကာပူမှာ တွေ့ကြသေးလား။ . ဂျီးတော်ကြီး ဒေါ်ခင်မျိုးကြင် ရဲ့ တူလေး (ရွှေရတု မှတ်တမ်း) ရော အိပ်ရတာ အဆင်ပြေလား .. (မြင်းမူမှာ ကြင်သုံးကြင် ရှိပါတယ်။ အဲဒီ ဒေါ်ခင်မျိုးကြင်က တစ်ကြင်ပေါ့။ စာမေးပွဲမှာ အခန်းစောင့်ကျလို့ကတော့ ရှောင်ကြဉ် ပေတော့)။ ထန်းရည်သောက်ချင်တဲ့ မောင်မိုး ရေ.. နေ့လည်ရောက်မှ အညာတမာတန်းမှာ ဆွဲကြတာပေါ့။ ကိုရင်နော် ကြီးလဲ မတွေ့ပါလား။ အပြန်ကြရင် ဂျူနို ကိုလည်း စစ်ကိုင်းက ဇေယျာတည်းခိုခန်းကို ၀င်ပို့လိုက်ကြနော်။ ကောင်းမွန်ဝင်း တို့ မိသားစုကိုလည်း ကံတလူဘုရား ရယ်၊ ရွာသစ်ကြီးရယ် ကို ပို့လိုက်ကြအုံး။ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ဘို့ နှင်းဆီပန်းမရှိပေမယ့် ကွမ်းခြံဘေးက စံပယ်ပန်းတွေ ခူးပေးလိုက်ကြ။ ကောင်းကင်ပြာ ကိုပါ တခါတည်းခေါ်သွား။ ကြိုက်သလောက် ခူးသွားလို့။ . ဦးလေးရယ် ဖြည်းဖြည်းမှာပါ။ မောနေပါအုံးမယ်။ အခု စားသောက်ပြီးရင် မြင်းမူ နဲ့ မုံရွာကို လိုက်ပို့မှာ။ ဦးလေးရော လိုက်မှာမို့လား။ . မေးရက်တယ်ကွယ်.. ငါ့တူတွေ၊ တူမတွေနဲ့.. ဦးလေးက နေရစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ စိတ်မချပေါင်ဗျာ။ အားလုံးစားသောက်ပြီးရင် ထွက်ကြမယ်ဟေ့။ ဦးလေး ရဲ့ ထွန်ဂျဲဒိုး (လယ်ထွန်စက်ကို နောက်တွဲချိပ်ထားသည့်ယဉ်) နဲ့ သွားကြတာပေါ့။ မြန်မြန်မောင်းလို့ မရတော့ နေရာစုံ အ၀ ကြည့်ရတာပေါ့။ . ဒါက ဆပ်ပြာကျင်း ရွာ၊ ကန်တော်ရွာ၊ ထီးဆောာင်းရွာ။ ဟော.. မကြာခင် မြင်းမူ ၀င်ပြီ။ ..................... မြင်းမူမြို့ကို ၀င်လိုက်တာနဲ့ မြင်းမူမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရတော့တာပါပဲ။ မြင်းမူမှာ ဘာတွေ ထူးထူးခြားခြား လည်ပတ်စရာတွေ ရှိလဲ ကိုမျိုးရယ်လို့ မမေးနဲ့နော်။ လည်ပတ်စရာတွေကလဲ အများသား။ ဧရာဝတီမြစ်ကမ်းမှာ ရှိတဲ့ မြို့မို့လို့ ဧရာဝတီရဲ့ အလှကို အပြည့်အ၀ခံစားရရှိတဲ့ မြို့ပါ။ မြင်းမူ ဈေးနားကနေ တောင်ဘက်နား နဲနဲလေး သွားလိုက်တာနဲ့ ဧရာဝတီမြစ်ကမ်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ . မြင်းမူ ၀ါစက်ကြီးနားက သေဠမုနိ ရွှေဂူကြီး ဘုရားဆိုရင် ပုဂံခေတ်လက်ရာ ဖြစ်သည့်အပြင်၊ အလွန်တန်ခိုးကြီးပါတယ်။ ပုဂံခေတ်နောက်ပိုင်းလောက်မှာ တည်ခဲ့သည်ဟု ယူဆရသည့် သျှင်ပင် ရွှေပေါင်လောင် ဘုရားကြီး ဆိုရင်လဲ အရမ်းကို အေးချမ်းပြီး ထူးကဲတဲ့ ဘုရားရိပ်ပါပဲ။ မြင်းမူကမ်းနားပိုင်းက လျှင်ပင်ရွှေစောလူး ဘုရားကတော့ အသွင်တမျိုးနဲ့ မြန်မာ့ဗိသုကာလက်ရာကို အပြည့်အ၀ ခံစားပြီး ဦးခိုက်ကြရမယ့် ဘုရားတစ်ဆူပါပဲ။ မြင်းမူမြို့ဟာ အနီးအနားရှိ ရွာအသီးသီးမှ သီးနှံတွေ မန္တလေး၊ မုံရွာ၊ စသည့်မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်မမြို့ကြီး တစ်ခုဖြစ်ပါတယ်။ . မြင်းမူဘုရားပွဲတော်သည် နယ်သူနယ်သားများဖြင့် အထူးပင် စည်ကားသည့် ဘုရားပွဲဖြစ်ပါသည်။ တောင်ပြုံးပွဲတော် ကာလနှင့် အတူဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းမှာ ခဏနားပြီးရင် မုံရွာဘက်ကို ခရီးဆက်ကြတာပေါ့။ . မြင်းမူမြို့ကနေ အနောက်ဘက် ထွက်လိုက်တာနဲ့ ၀မ်းပြည့်ရွာ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပန်းရန်အတတ်ပညာ၊ လက်သမားပညာ တတ်သူတွေ များတဲ့ ရွာတစ်ခုပါ။ ထူးထူးခြားခြား မှတ်သားမိတာကတော့ ဇတ်မင်းသားကြီး ဦးဖိုးစိန် အတွက် ဇတ်သီချင်းတွေ၊ ဇတ်ထုတ်တွေ၊ ပြဇတ်တွေ များစွာ ရေးပေးခဲ့တဲ့ စာရေးဆရာကြီး ဆရာဖိုး သည် ဟောဒီ ၀မ်းပြည့်ရွာသား အစစ်ဖြစ်တယ်ဆိုတာပါပဲ။ . ၀မ်းပြည့်ရွာကနေ ဆက်သွားရင် အလ္လကပ္ပရွာကြီး။ မြို့အဖြစ်တောင် သတ်မှတ်ထားပြီနဲ့ တူပါတယ်။ မရောက်တာလဲ အတော်ကြာပေါ့။ အဲဒီ ရွာကြီးမှာ ရှိတဲ့ ရွှေဂူကြီးဘုရား ဆိုလျှင် ထူးခြားသည့် ပန်းရန်လက်ရာ၊ ပန်းတော့လက်ရာမွန်တွေ အဆန်းအပြား တွေ့မြင်ဖူးရမှာပါ။ မြန်မာဆေးရွက်ကြီးတွေလဲ ပေါများစွာ ထွက်ရှိသည့် အပြင်၊ ၀ါဂွမ်းလဲ စိုက်ပျိုးကြပါတယ်။ ကားလမ်းတလျောက် မြင်တွေ့နိုင်ပါတယ်။ အလ္လကပ္ပရွာကြီး ရဲ့ မြောက်ဘက်နားမှာ ဗဒ္ဒတ္ထိုင်းရွာကြီး ရှိပါတယ်။ ဦးလေးကလဲ ထွန်ဂျဲဒိုး မောင်းရင်းဆိုတော့ အရွှန်းဖောက်ပါတယ်။ ဒီ အာလကပ်ပ ရွာပေါ့ကွ။ ဒို့ ရွာက ကျောင်းဆရာပေါ့။ အလှူဖိတ်စာမှာ စာလုံးဆင့်တွေ မရေးတတ်တာ.. အဲဒါနဲ့..အာလကပ်ပ ဘယ်လိုရေးရမှန်း မသိဘူးဗျ.. အဲဒါဆိုရင်လဲ အဲဒီရွာကို နောက်မှ ဖိတ်ကွာ... ဘဒတ်ထိုင်းရွာ ကို အရင်ဖိတ် ဆိုတော့..ဘဒတ်ထိုင်းလဲ စာလုံးဆင့်မှန်အောင် မရေးတတ်ဘူးတဲ့ကွယ်... ဖြစ်ရလေ ကျောင်းဆရာ ရယ်..ဆိုတော့..ကျနော်က မြန်မာစာဆရာ မဟုတ်ဘူးဗျ လို့ ပြန်ပြောတယ်။ . ပြီးတော့ ဒီနားက ရွာတွေက စသတ် နဲ့ ကသတ် ကို ကွဲအောင် မပြောကြဘူး။ သူတို့ ဓလေ့ပေါ့။ စသတ် နဲ့ ပြောရမယ့်စကားလုံးတွေကို ကသတ် နဲ့ ပြောတယ်။ ဥပမာ ကွာ..ကျောင်းမှန်မှန်တက်၊ စာမခက်။ ဒီရွာကလူတွေက ကျောင်းမှန်မှန်တစ်၊ စာမခစ်။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ကို ဂက္ဆာမိ လို့ ရွတ်တယ်။ သရက်သီး ကို သရစ်သီး။ ငါတို့ရွာ ကွက်ကွင်း ကိုတောင် ကွစ်ကွင်း လို့ ခေါ်တာ။ အထူးခြားဆုံးကတော့ ဒီရွာကလူတွေ ရည်းစားစကားပြောရင် မပီကြဘူး။ နင့်ကို ငါချစ်တယ် လို့ ပြောရင်တောင်မှ.. နင့်ကို ငါချက်တယ်.. လို့ ပြောကြတာ။ အော်..တစ်ရွာတစ်ပုဒ်ဆန်းပေါ့လေ။ . စကားပြောရင်းနဲ့ မောင်းလာလိုက်တာ အလ္လကပရွာကို ကျော်လွန်လာပြီ ဆိုရင်တော့ ဘိုးမင်းကြီးကင်းရွာ (ဘာဖြစ်လို့ ဘိုးမင်းကြီးကင်းရွာ) လို့ ခေါ်ဆိုသည် အမှတ်အသား မကြားဘူးပါ။ ပြီးရင်.. ဂွေးပင်တောရွာ (ဒီရွာနာမည်လဲ ဘာဖြစ်လို့ ဂွေးပင်တော လို့ ခေါ်ကြသည်မသိ.. လေ့လာနေဆဲပါ)။ ပြီးရင်တော့ နတ်ရေကန်ရွာ (ရွာဦးမှာ ကြာပန်းတွေ အပြည့်နှင့် ရေကန်ကြီးရှိပါတယ်) အဲဒါကြောင့် နတ်ရေကန်လို့ ခေါ်တာဖြစ်မယ်ထင်ပါတယ်။ မီးရထားသံလမ်းကို ဖြတ်မိရင်တော့ အကြောင်းထူးတဲ့ ချောင်းဦးမြို့ ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ . မုံရွေး ကြေးမုံ ချောင်းဦး နယ်တစ်လွှားဆီက အလုံကျေး အကုန်မှာ ပြောင်းဖူးသည်တွေကလည်း များလိုက်ပါသဘိနှင့်။ လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့ခဲ့တဲ့ ချောင်းဦးမြို့ဟာဖြင့် ထင်ရှားတဲ့ မြို့တစ်မြို့ပါဘဲ။ . တိုင်းပြည် လွတ်လပ်ရေးရအောင် အစာငတ်ခံ ဆန္ဒပြပြီး အသက်စွန့်သွားခဲ့တဲ့ ဆရာတော် ဦးဝိစာရ ဟာ ချောင်းဦးမြို့နယ် အနိမ့်ရွာသား ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးဝင် သခင်လေးမောင် က ချောင်းဦးမြို့နယ် အမြင့်ရွာသား။ သတင်းစာဆရာကြီး ဦးညိုမြ ဟာလည်း အဲဒီ အမြင့်သား။ မြန်မာဘုရင်လက်ထက်တုန်းက မြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မင်းလက်ဝါးကြီး သည်လည်း အမြင့်မှာ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ နေသွားခဲ့သူပါ။ နာမည်ကြီးတွေ တယ်များသကိုး။ . ချောင်ဦးမြို့ကို လွန်ရင်တော့ ခင်မွန်ရွာ။ ဦးလေးရဲ့ ထွန်ဂျဲဒိုးကြီးလဲ မောနေရောပေါ့။ ခဏနားအုံးမှ။ အပေါ့အပါးလေး သွားလိုက်ကြအုံးနော်။ မုံရွာရောက်ဘို့ တော်တော်လိုသေးတယ်။ ကားကလဲ ထွန်စက်ကားဆိုတော့ တယ်နှေးသကိုး။